စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐥𝐳𝐡𝐞𝐢𝐦𝐞𝐫’𝐬 𝐃𝐚𝐲) ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ ခံစားနေကြရတဲ့ အယ်လ်ဇိုင်းမားရောဂါအကြောင်း အသိအမြင်၊ ဗဟုသုတ တိုးပွားစေဖို့ရည်ရွယ်ချက်နဲ့ ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါနေ့ကို ကမ္ဘာနဲ့အဝှမ်း နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် အယ်လ်ဇိုင်းမားရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အများအကျိုးရှိအောင် မျှဝေပေးလိုက်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ ဆိုတာ ❓
အသက်ကြီးလို့ဖြစ်ရတဲ့ ဦးနှောက်အာရုံကြောပျက်စီးမှု ရောဂါတစ်ခု ဖြစ်ပါတယ်။ သက်ကြီးမှတ်ဉာဏ်ချို့ယွင်းမှုရောဂါ လို့အဓိပ္ပါယ်ရပါတယ်။ သတိမေ့တာ၊ စဉ်းစားတွေးခေါ်ရ ခက်ခဲတာ စတဲ့လက္ခဏာတွေ ခံစားကြရပါတယ်။ မြန်မာလူမျိုးအများစု ပြောကြတဲ့သူငယ်ပြန်တယ်ဆိုတာလည်း အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်ပြီဆို ဘယ်လိုလက္ခဏာတွေ ခံစားရပါသလဲ ❓
⚠️ ရေတိုမှတ်ဉာဏ် ချို့ယွင်းလာပါတယ်။ ဒီနေ့ ထမင်းစားပြီးပြီလား/ မစားရသေးဘူးလားကို မသိတော့တာတွေ ဖြစ်လေ့ရှိပါတယ်။
⚠️ တည်နေရာနဲ့ အချိန်လွဲမှားမှုတွေ ဖြစ်တတ်ပါတယ်။ နေ့နဲ့ညမှားတာ၊ ကိုယ်ဘယ်နေရာ ရောက်နေတယ် ဆိုတာကို မသိတာတွေ ဖြစ်တတ်ပါတယ်။
⚠️ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို လွယ်လွယ်ကူကူ မလုပ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
⚠️ ပြဿနာဖြေရှင်းတာ၊ သင်္ချာတွက်တာမျိုးတွေမှာ ခက်ခဲလာပါတယ်။ ဥပမာ - ဈေးဝယ်ရင် ဈေးဖိုးမတွက်တတ်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဆုံးဖြတ်ရခက်ခဲတာတွေလည်း ဖြစ်လေ့ရှိပါတယ်။
⚠️ ပစ္စည်းတွေ ဘယ်နေရာမှာ ထားမိမှန်းမသိဘဲ အထားမှားပြီး ပျောက်လေ့ရှိပါတယ်။
⚠️ စကားပြောရင် စကားလုံးရှာမရ ဖြစ်တတ်ပါတယ်။
⚠️ စိတ်ဆတ်ပြီး ငိုလွယ်၊ ရယ်လွယ် ဖြစ်တတ်ပါတယ်။
⚠️ အထက်ပါလက္ခဏာတွေကြောင့် လူမှုအသိုက်အဝန်းကနေ ရှောင်ခွာသွားတာ၊ ဝေးသွားတာမျိုးဖြစ်ပြီး အထီးကျန်ဖြစ်လေ့ရှိပါတယ်။
ရောဂါဖြစ်တော့မယ်ဆို ကြိုသိနိုင်ပါသလား ❓
အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေးဦးလက္ခဏာတွေကို ကြိုတင်သတိပြုမိဖို့ အရေးကြီးပါတယ်။ အစောဆုံး အဖြစ်များတဲ့ လက္ခဏာကတော့ သတိမေ့လျော့တာပါပဲ။ တွေးခေါ်ရခက်တာ၊ စကားလုံးရှာမရတာနဲ့ ဆုံးဖြတ်ရခက်ခဲတာတွေကလည်း ကြိုတင်ပေါ်ပေါက်နိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ လှုပ်ရှားရခက်ခဲတာနဲ့ အနံ့မရတာတွေလည်း တစ်ခါတလေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလိုလက္ခဏာတွေ ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး စနစ်တကျစစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
ဘာ့ကြောင့်ဖြစ်လာရတာလဲ ❓
ကမ္ဘာနဲ့တစ်ဝန်း သုတေသနတွေ မြောက်မြားစွာ ပြုလုပ်နေပေမယ့်လည်း ယနေ့အချိန်အထိ အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို သေချာနားမလည်နိုင်သေးပါဘူး။
အသက် ၃၀ မှ ၆၀ ကြားမှာစဖြစ်တဲ့ သက်ငယ်အယ်လ်ဇိုင်းမားရောဂါကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်ရတာများပါတယ်။ ဒေါင်းရောဂါ (𝐃𝐨𝐰𝐧 𝐬𝐲𝐧𝐝𝐫𝐨𝐦𝐞) ရှိသူတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရပါတယ်။
အသက် ၆၀ ကျော်မှဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါကတော့ အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ကျုံ့ခြင်းကြောင့် ဖြစ်လာရတာပါ။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေနဲ့ နေထိုင်မှုပုံစံ (𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞) တွေကလည်း ရောဂါဖြစ်စေတဲ့အချက်တွေမှာ ပါဝင်နေတယ်လို့ ယူဆရပါတယ်။
မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်တယ်ဆိုတော့ မျိုးရိုးလိုက်တတ်ပါသလား ❓
မိမိရဲ့မျိုးရိုးမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ဖူးသူရှိရင် မိမိမှာ ဖြစ်လာနိုင်ခြေရှိသော်လည်း မျိုးရိုးလိုက်တယ်လို့ ပြောရလောက်အောင် ဖြစ်နိုင်ခြေမများပါဘူး။ သက်ငယ်အယ်လ်ဇိုင်းမားရောဂါကတော့ မျိုးရိုးလိုက်နိုင်ခြေ များပါတယ်။
ကုသရင် ပျောက်ကင်းနိုင်ပါသလား ❓
အခုလက်ရှိဆေးပညာအရ အယ်လ်ဇိုင်းမားရောဂါဟာ ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ဆရာဝန်နဲ့သေချာပြသပြီး ရောဂါလက္ခဏာတွေ သက်သာအောင်၊ ပိုပြီးဆိုးမလာအောင်ပဲ လုပ်လို့ရပါတယ်။
ကြိုတင်ကာကွယ်လို့ ရနိုင်ပါသလား ❓
အယ်လ်ဇိုင်းမားရောဂါ လုံးဝဖြစ်မလာအောင် ကြိုတင်ကာကွယ်လို့ မရပေမယ့် ဖြစ်လာနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
🔸 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 လို့ခေါ်တဲ့ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကျန်းမာစေတဲ့ အစားသောက်တွေကို ရွေးချယ်စားသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာ၊ ကိုယ်အလေးချိန် ထိန်းတာ၊ သွေးတိုးရောဂါကို စနစ်တကျကုသတာတွေက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
🔸 𝐒𝐨𝐜𝐢𝐚𝐥 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐲 လို့ခေါ်တဲ့ လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်တာနဲ့ စဉ်းစားဉာဏ်ထက်သန်စေတဲ့ ကစားနည်းတွေ (ဥပမာ - စစ်တုရင်၊ ဂဏန်းသင်္ချာ၊ ပဟေဠိ) ဆော့ကစားခြင်းကလည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
🔸 ဒီနေရာမှာ နိုင်ငံတကာ သုတေသနတွေအရ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗕 နဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖 ပါဝင်တဲ့ အစားသောက်တွေ၊ အားဆေးတွေကလည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို နည်းပါးစေနိုင်တာကို တွေ့ရပါတယ်။
🔸 ဗီတာမင် 𝗕 အုပ်စုဝင်တွေထဲက ဗီတာမင် 𝗕𝟲 နဲ့ 𝗕𝟭𝟮 တို့ဟာဆိုရင် အယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်ရတဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့လက္ခဏာတွေကို ကာကွယ်နိုင်ခြေရှိပြီး ပိုပြီးဆိုးမလာအောင်လည်း ကူညီပေးနိုင်တယ်လို့ သိရှိရပါတယ်။
🔸 ဗီတာမင် 𝗖 မှာရှိတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်၊ ဦးနှောက်အာရုံကြော ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်တဲ့ အာနိသင်နဲ့ သွေးကြောနံရံတွေကို ကျန်းမာစေတဲ့ အာနိသင်တွေကြောင့် အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ရေးမှာ အကျိုးရှိပါတယ်။ ဦးနှောက်မှာ အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း 𝐀𝐦𝐲𝐥𝐨𝐢𝐝-𝐁𝐞𝐭𝐚 (အမိုင်းလွိုက်-ဘီတာ) တွေကို ဗီတာမင် 𝗖 ကလျော့နည်းစေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဗီတာမင် 𝗕 နဲ့ ဗီတာမင် 𝗖 ပါဝင်တဲ့အစားသောက်တွေ၊ ဖြည့်စွက်အားဆေးတွေကို ပုံမှန်မှီဝဲခြင်းက လွယ်ကူပြီး စရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာကို အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်။
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
1. National Institute on Aging (2023). '8 Frequently Asked Questions About Alzheimer's Disease'.
2. Li, S. et al. (2021) 'The preventive efficacy of vitamin B supplements on the cognitive decline of elderly adults: a systematic review and meta-analysis', BMC Geriatrics, 21, Article number: 367.
3. Monacelli, F. et al. (2017) 'Vitamin C, Aging and Alzheimer’s Disease'. Nutrients, 9(7), 670.
4. Heo, J, Lee, H., & Lee, K. (2013). 'The Possible Role of Antioxidant Vitamin C in Alzheimer’s Disease Treatment and Prevention'. American Journal of Alzheimer’s Disease & Other Dementias, 28(2), pp. 120-125.
5. Lippa, C. (2013) 'Vitamins and Alzheimer’s Disease: An Easy (Antioxidant) Approach to Intervention'. American Journal of Alzheimer's Disease & Other Dementias, 28(2), pp. 106-107.
#Y_SiBNC #VitaminB_Complex #VitaminC
#ဘီအန်စီ #အားဆေး #ခွန်အားပြည့်ဝ #ကိုယ်ခံအားကောင်း #လန်းဆန်းတက်ကြွ #စိတ်ဖိစီးမှုကင်းဝေး